ဒီဇင်ဘာလ ရုံတင်မယ့်ဇာတ်ကားသစ်တွေထဲမှာ ကျွန်တော်တို့ မလွတ်တမ်းကြည့်သင့်တဲ့ ကားတစ်ကားရှိပါတယ်။ ဒါကတော့ မင်းသမီးနီကိုးလ်ကစ်မန်း ပါဝင်သရုပ်ဆောင်ထားတဲ့ Destroyer ဖြစ်ပါတယ်။
နီကိုးလ်ကစ်မန်း လို့ပြောလိုက်ရင် ကျွန်တော်တို့မျက်လုံးမှာ ပါးလှပ်လှပ်နှုတ်ခမ်း၊ အပြာရောင်မျက်လုံးနဲ့ စူးရှရဲတင်းတဲ့အကြည့်၊ ရွှေရောင်ဆံပင်၊ ဘယ်အရာမဆို ပြတ်ပြတ်သားသားဆုံးဖြတ်တတ်တဲ့ မျက်နှာပေါက်နဲ့ လှပဂေးလေးကိုပဲ မြင်ကြမှာပါ။ ဒီကားမှာတော့ နီကိုးလ်ကစ်မန်းဟာ လော့စ်အင်ဂျလိစ်ရဲစုံထောက် တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ပုံစံကိုတော့ Trailer မှာသာကြည့်လိုက်ကြတော့။
ဒီဇာတ်ကားမှာ နောက်တစ်ချက်သတိပြုစရာက ဒါရိုက်တာပါ။ ဒီကားကို အမျိုးသမီးဒါရိုက်တာ ကာရင်ကူဆာမာ ရိုက်ကူးထားတာဖြစ်ပါတယ်။ လူကိုသိပ်မသိကြပေမယ့် သူ့ဇာတ်ကားတွေက ကျွန်တေ်ာတို့နဲ့ သိပ်မစိမ်းလောက်ဘူး။ Aeon Flux ၊ Jennifer’s Body ဒါတွေ ကျွန်တော်တို့ကြည့်ဖူးကြပါတယ်။
ဒီဇာတ်ကားကို ၂၀၁၈ သြဂုတ်လတုန်းက Telluride ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်။ ရုံတွေမှာတော့ ဒီဇင်ဘာ ၂၅ ရက်နေ့ ရုံတင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ IMDb မှာ Rating 6.8၊ Rotten Tomatoes မှာ 85% အသီးသီးရထားပါတယ်။
Guardian မှာရေးထားတဲ့ ဒီရုပ်ရှင်အကြောင်းအညွှန်းမှာတော့ နည်းနည်း သဘောမကျတဲ့လေသံ တွေ့ရတယ်။ စာရေးဆရာ ဘင်ဂျမင်ရဲ့စကားကို ပြန်ဖောက်သည်ချရရင် - မင်းသမီးမျက်နှာကို ကြမ်းရုပ်ပေါက်အောင် မိတ်ကပ်တွေ ဖိလိမ်းထားတော့ ပရိသတ်တွေက ကားထဲကဇာတ်ရုပ်ထက် မင်းသမီးရဲ့ ရုပ်ထွက်၊ သရုပ်ဆောင်မှုတွေကိုပဲ ပိုပိုအာရုံရောက်နေမိသတဲ့။
နီကိုးလ်ကစ်မန်းရှေ့မှာ ဒီလိုမျိုး လုံးလုံးကွဲပြားတဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောတွေ ရှိပါတယ်။ Monster နဲ့ Mad Max ထဲက ချာလစ်ဇ်သီရွန်၊ Boys Don’t Cry ထဲက ဟီလာရီဆွမ့်။
မင်းသားတွေသာ သရုပ်ဆောင်လေ့ရှိတဲ့ ကြမ်းရမ်းပေစုတ် ဇာတ်ရုပ်မျိုးကို ချောချောလှလှမင်းသမီးတွေ ဝင်သရုပ်ဆောင်လိုက်တော့ ပိုကောင်းသွားတာရှိသလို ခုတ်ရာတခြား ရှရာတလွဲ ထွက်လာတာတွေလည်း ဒုနဲ့ဒေး။ ဒီကားမှာတော့ ဘယ်လိုပုံစံထွက်လာမလဲ စောင့်ကြည့်ကြတာပေါ့။
အမျိုးအစား - မှုခင်း၊ အက်ရှင်၊ သဲထိတ်ရင်ဖို
ကြာမြင့်ချိန် - ၁၂၃ မိနစ်
ရုံတင်ပြသမည့်အချိန် - ၂၀၁၈ ဒီဇင်ဘာ
ကျော်ထွန်းခိုင် (၂၀၁၈၊ နိုဝင်ဘာ ၁၁)