ညနေ

အင်တာနက်ကပုံ။ လိုချင်တဲ့အာရုံရလို့ ထည့်ထားတာ။

ကိုယ်တို့အိမ်က လမ်းကြားလေးထဲမှာ။ ဒီလမ်းကြားလေးကနေ လျှောက်သွားလိုက်ရင် လမ်းကျယ်ကို ရောက်တယ်။ အရှေ့အနောက် ဖောက်ထားတဲ့ မြေနီလမ်းကျယ်ပေါ့။

ညနေစောင်းတာနဲ့ နေလုံးကြီးက မြေနီလမ်းပေါ် တည့်တည့်ထိုးပြီ။
နီရဲရဲ နေလုံးနဲ့ နီရဲရဲ အုတ်နီလမ်းပေါင်းလိုက်တော့ ပတ်ဝန်းကျင်တစ်ခွင်လုံး နီရဲရဲ။ အပူချိန် ဖျော့ဖျော့။ အပူချိန်ဆိုပေမင့် နေရောင်ကြောင့် ပူတာတော့လည်း မဟုတ်ပြန်ဘူး။ တစ်ရက်လုံး နေထိုးခံထားရတဲ့ မြေသားတွေကနေ အပူပြန်ထွက်နေတာ။

ဒီအချိန်ဆို လမ်းဆုံနားမှာ ခြင်းခတ်နေတဲ့ ကာလသားတွေကို နေ့တိုင်းတွေ့ရမယ်။ ရေတွင်းနားမှာ ရေချိုးဖို့စောင့်ရင်း ကြာပစ်နေတဲ့ ကာလသားတွေ …
သူတို့ရှေ့ရောက်ရင် မတ်မတ်ရပ်၊ သတိဆွဲပြီး ခပ်သုတ်သုတ် ဖြတ်လျှောက်ကြတဲ့ အပျိုတွေလည်း ရှိ။

ကိုယ်တို့အရွယ်တွေကတော့ ဘောလုံးကန်ကြသပေါ့။

အုတ်နီခဲတွေ ထိုးထိုးထောင်ထောင်နဲ့ ဒဏ်ရာများလှတဲ့ ဒီလမ်းတစ်လျှောက် စက်ဘီးတာယာ အဟောင်းနဲ့ ခွေလှိမ့်တဲ့ ကောင်တွေလည်း ရှိသေးတယ်။ သားရေဖိနပ်ကို ရှပ်တိုက်ပစ်ပြီး ကစားနေကြတဲ့ ကလေးတွေလည်း ရှိရဲ့။
ကိုယ်တို့အရိပ် ရှည်မျောမျောတွေ နေရောင်အောက်မှာ ကခုန် ...

ရေတွင်းပေါ်ကို အုပ်မိုးထားတဲ့ ဧကရာဇ်ပင်ကြီးတစ်ပင်လည်း ရှိတယ်။
ကောင်မလေးတွေ ဖြတ်လျှောက်ရင်း မော့မော့ကြည့်ကြတာ ဒီအပင်ပေါ့။
ဖြူမွှေးမွှေး ဧကရာဇ်ပန်းတွေက လေတိုးရင်ခုန်ချဖို့ အသင့်စောင့်နေကြ ...

ရေတွင်းထဲ ကြွေကျနေတဲ့ ဧကရာဇ်ပွင့်တွေကို ပုံးနဲ့ဆယ်ရတာ ပျော်စရာ။
ရေအိုးထမ်းရင်း နေရောင်မှာ ကန့်လန့်ဖြတ်ရပ်လိုက်တဲ့အချိန် မြေနီလမ်းပေါ်မှာ ကိုယ့်အရိပ် ရှည်မျောမျောကြီး ပေါ်လာတာလည်း ပျော်စရာ။
ရေခပ်ပြီးရင် ဘောလုံးတူတူကန်ရအောင် ကိုယ့်ကို အပေါင်းအသင်းတွေ စောင့်နေကြတယ် ဆိုတဲ့အသိကလည်း ပျော်စရာ။

အိမ်ကရေစည်ကြီး မြန်မြန်ပြည့်ပါတော့ ...


၂၀၁၆၊ ဇန်နဝါရီ ၁၄