အေအိုင်နဲ့ အနာဂတ်ပညာရေး

ဂျာမနီနိုင်ငံ လိုက်ဇစ်တက္ကသိုလ်က သင်တန်းချိန်တစ်ခုမှာ တွေ့ရတဲ့ ဆေးကျောင်းသားတွေပါ။ Photo: Jan Woitas / Getty Images

“လစ်ဘရယ်ပညာရေးဟာ ဘာလုပ်ရမယ် ဆိုတာထက် ဘယ်လို စဉ်းစားရမယ် ဆိုတာကို အလေးထားတယ်။ ကျောင်းသားတွေကို ကျိုးကြောင်းဆီလျော်တတ်ဖို့၊ စာကို ဂရုတစိုက် ဖတ်ဖို့၊ ရှင်းရှင်းလင်းလင်း ရေးဖို့၊ သက်သေသာဓက တွေကို ခိုင်လုံအောင် ဆန်းစစ်ဖို့ သင်ကြားမောင်းနှင်ပေးတယ်။ ဒီစကေးတွေက နည်းပညာ အရည်အချင်း ဘောင်ကျဉ်းကျဉ်းလေးတွေထက် အပုံကြီး သက်တမ်းပိုရှည်ပါလိမ့်မယ်။”

ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အဆင့်မြင့်ဘာသာစကားသုံး မော်ဒယ်တွေ (Large Language Models – LLM) အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ဒါနဲ့အတူ အေအိုင်ဟာ တက္ကသိုလ်ပညာရေးကို၊ အထူးသဖြင့် ဝိဇ္ဇာ၊ လူမှုသိပ္ပံ၊ အနုပညာ အစရှိတဲ့ Liberal Arts ဆိုင်ရာ ပညာရပ်တွေကို နောက်ကောက် ချန်ခဲ့တော့မယ်ဆိုပြီး စောဒကတက်ကြတဲ့ အသံတွေလည်း ထွက်လာသပေါ့။ လူငယ်တွေအဖို့ တက္ကသိုလ် ဆက်မတက်တော့ဘဲ လုပ်ငန်းခွင်မှာ တိုက်ရိုက်ဝင်ရောက် သင်ကြားခြင်းက ပိုကောင်းမယ်ဆိုတဲ့ အယူအဆလည်း ထွက်လာပါတယ်။

ကျွန်မကတော့ ဒါကို ဘယ်လိုမှ သဘောမတူပါဘူး။ လက်တွေ့ အတွေ့အကြုံကတစ်ဆင့် သင်ကြားမှုဟာ တန်ဖိုးရှိတာ ဟုတ်ပါရဲ့။ ဒါပေမဲ့ ဘယ်အလုပ်၊ ဘယ်ပညာရပ်တွေက လုပ်ငန်းခွင် လိုအပ်ချက်မြင့်မားနေတယ် ဆိုတာကို ကောင်းကောင်းသိထားမှ ဒီစနစ်က အလုပ်ဖြစ်တာပါ။ ကျွန်မတို့ သေချာပေါက် ပြောနိုင်တာတစ်ခုက အလုပ်တွေရဲ့ အနာဂတ်ဟာ အကြီးအကျယ် ဝေဝါးနေပြီ ဆိုတာပါပဲ။

လူငယ်တွေကို တက္ကသိုလ် မတက်တော့ဘဲ လုပ်သားစျေးကွက်ကို စောစောဝင်ဖို့ အကြံပေးတိုက်တွန်းတယ် ဆိုတာဟာ ညှာညှာတာတာ ပြောရရင် လမ်းကြောင်းလွဲနေပြီလို့ပဲ ဆိုရပါမယ်။

ဒီဘက်ခေတ် အေအိုင်ပညာရပ်ကို ဦးဆောင်သူတွေထဲက တစ်ယောက်လို့ လူတွေ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြတဲ့ ဂျော်ဖရီဟင်တန် တစ်ခါက ပြောဖူးတာ ရှိတယ်။ သူက သူ့နယ်ပယ်ထဲက တိုးတက်မှုတွေကို မြူနှင်းကြားမှာ ခရီးနှင်ရခြင်းနဲ့ နှိုင်းယှဉ်ပါတယ်။ ရှေ့မှာ ရှိနေတာကို မြင်ရပါရဲ့၊ ဘာဖြစ်လာမယ် ဆိုတာတော့ မမြင်နိုင်ဘူးလို့ သူက ဆိုလိုတဲ့သဘောပါ။

ပညာရေးရဲ့ အဓိက စိန်ခေါ်ချက်ဟာလည်း ကျောင်းသားတွေကို မြူနှင်းထဲမှာ ခရီးထွက်ရသလို ဝါးတားတား အခြေအနေမျိုးမှာ ထိထိရောက်ရောက် လှုပ်ရှားလည်ပတ်နိုင်အောင် ပြင်ဆင်ပေးရေးပဲ ဖြစ်ပါတယ်။ ကြာကြာမခံဘဲ ခေတ်ကုန်သွားနိုင်တဲ့ ပညာရပ် တစ်ခုခုကို သင်ပေးနေဖို့ မဟုတ်ပါဘူး။ အခြေအနေတွေနဲ့ အတတ်နိုင်ဆုံး လိုက်လျောညီထွေ ဆောင်ရွက်တတ်အောင် သင်ကြားပြင်ဆင်ပေးဖို့ပဲ ဖြစ်ပါတယ်။

စိန်ခေါ်မှုတွေဟာ တောက်လျှောက် ပြောင်းလဲနေပါတယ်။ ဒီအချိန်မျိုးမှာ ပုံသေကားကျ စိန်ခေါ်ချက်တွေအတွက် လူတွေကို ပြင်ဆင်ပေးတာဟာ ရှုံးပြီးသား ဗျူဟာတစ်ရပ်သာ ဖြစ်ပါတယ်။ ကျွန်မတို့ လိုအပ်နေတာက ကိုယ်နဲ့ စိမ်းတဲ့ လမ်းကြောင်းတွေမှာ၊ မမျှော်လင့်တဲ့ အခက်အခဲတွေကြားမှာ ထိန်းကျောင်းမောင်းနှင်နိုင်တဲ့ ကျွမ်းကျင်ဒရိုင်ဘာတွေ ဖြစ်ပါတယ်။


ပညာရဲ့မူလဘူတ

ရှေ့မှာ ပြောခဲ့တဲ့ ရှုထောင့်က ကြည့်ရင် ပညာရေးဟာ၊ အထူးသဖြင့် အဆင့်မြင့်ပညာရေးဟာ ခါတိုင်းထက်ကို ပိုအရေးကြီးတဲ့ နေရာမှာ ရှိနေပါတယ်။ ကျွန်မတို့အနေနဲ့ အနာဂတ်မှာ ဘယ်လို စွမ်းရည်မျိုး လိုအပ်မယ် ဆိုတာကို တိတိပပမှ မသိနိုင်တာကိုး။ ဒီတော့ မူလဘူတဆီ ပြန်သွားဖို့က အရေးကြီးလာတာပေါ့။

လစ်ဘရယ်ပညာရေးဟာ ဘာလုပ်ရမယ် ဆိုတာထက် ဘယ်လို စဉ်းစားရမယ် ဆိုတာကို အလေးထားတယ်။ ကျောင်းသားတွေကို ကျိုးကြောင်းဆီလျော်တတ်ဖို့၊ စာကို ဂရုတစိုက် ဖတ်ဖို့၊ ရှင်းရှင်းလင်းလင်း ရေးဖို့၊ သက်သေသာဓက တွေကို ခိုင်လုံအောင် ဆန်းစစ်ဖို့ သင်ကြားမောင်နှင်ပေးတယ်။ ဒီစကေးတွေက နည်းပညာ အရည်အချင်း ဘောင်ကျဉ်းကျဉ်းလေးတွေထက် အပုံကြီး သက်တမ်းပိုရှည်ပါလိမ့်မယ်။

ဒီလိုပြောလိုက်လို့ နည်းပညာကို မျက်ကွယ်ပြုရမယ်လို့ မဆိုလိုဘူးနော်။ တကယ်တမ်းမှာ ကျောင်းသားတွေဟာ အေအိုင်သုံးပြီး လုပ်နိုင်ကိုင်နိုင် ဖြစ်အောင်ကို သင်ကြရမှာပါ။ ဒါပေမဲ့ ပန်းတိုင်က ဒီကျောင်းသားတွေဟာ ဆင်ခြင်သုံးသပ်နိုင်စွမ်း ရှိတဲ့ အသုံးပြုသူတွေ၊ အေအိုင်ကိရိယာ တန်ဆာပလာတွေကို ဝေဖန်အကဲဖြတ်နိုင်စွမ်း ရှိသူတွေ ဖြစ်လာဖို့ပါ။ ချပေးတာကို ယူသုံးရုံအဆင့်မှာ နေဖို့ မဟုတ်ဘူး။

အခြေခံသင်္ချာ၊ ယုတ္တိဗေဒနဲ့ ဆင်ခြင်တုံတရားတွေကို သင်ကြားပေးဖို့၊ အခြေခံကျတဲ့ စာပေရေးရာတွေကို လေ့လာဆည်းပူးဖို့၊ ငြင်းခုံဆွေးနွေးမှုတွေ ဘယ်လို သန္ဓေတည်လာသလဲ၊ ဒါတွေကို ဘယ်လိုဆန်းစစ်ကြသလဲ ဆိုတာတွေကို သင်ယူဖို့က အခြေခံလိုအပ်ချက်အဖြစ် ရှိနေဆဲပါပဲ။ ဒါတွေဟာ မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေရဲ့ရှေ့မှာ ခေါင်းတစ်လုံးသာနေစေမယ့် စကေးတွေ ဖြစ်ပါတယ်။


ဘာသင်ပေးမလဲ၊ ဘယ်လိုသင်ပေးမလဲ

ဒါတွေကနေ လက်တွေ့ကျတဲ့ မေးခွန်းနှစ်ရပ် ထွက်ပေါ်လာပါတယ်။ ကျွန်မတို့ ဘာသင်ပေးရမလဲ၊ ဘယ်လိုသင်ပေးရမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ပထမမေးခွန်းက ဖြေရခက်တယ်။ အငြင်းအခုံတွေ လုပ်ရမှာလည်း မြေကြီးလက်ခတ်မလွဲ။ ဒါပေမဲ့ အဓိကကျတဲ့ ခံယူချက်ပိုင်းမှာတော့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူကြမှာပါ။ အသေးစိတ်တွေကတော့ အချိန်နဲ့အမျှ ပြောင်းလဲနေမှာပါ။

ရှေ့ပိုင်းနည်းပညာတွေကနေ ရခဲ့တဲ့ အတွေ့အကြုံတွေက ကျွန်မတို့အတွက် အသုံးဝင်တဲ့ လမ်းညွှန်ချက်တွေ အဖြစ် ရှိနေမှာပါ။ ဂဏန်းပေါင်းစက်တွေနဲ့ ကွန်ပျူတာတွေကို စတင်သုံးစွဲခြင်းက သင်္ချာပညာ သင်ကြားဖို့ လိုအပ်ချက်ကို ဘေးဖယ်လိုက်တာတော့ မဟုတ်ပါဘူး။ တွက်ချက်မှုတွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို ကျောင်းသားတွေအနေနဲ့ သင်ယူနေကြဆဲပါ။ ဒါပေမဲ့ အချိန်အများကြီးပေးပြီး လုပ်ရတဲ့ အတွက်အချက်တွေကို စက်နဲ့ လွှဲထားလိုက်ပါပြီ။ အလားတူပဲ စာလုံးပေါင်းတွေနဲ့ သဒ္ဒါတွေလည်း အရေးပါဆဲပါ။ ဒါပေမဲ့ ထပ်တလဲလဲ စစ်ဆေးရတဲ့ ငြီးငွေ့ဖွယ်ရာ အလုပ်တွေကိုတော့ ဆော့ဖ်ဝဲတွေက တာဝန်ယူသွားကြပါပြီ။

နယ်ပယ်အများအပြားမှာ အလားတူ ညှိနှိုင်းပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အေအိုင်က တောင်းဆိုလာတယ်။ အခုဆိုရင် LLMs ဟာ စာတွေကို အနှစ်ချုပ်တာ၊ အဓိကလိုရင်းကို ရှာဖွေပေးတာတွေမှာ အလွန်တရာပဲ ကောင်းမွန်နေပါပြီ။ ဒါတွေဟာ ဟိုတုန်းကတော့ ပညာရေးရဲ့ အဓိက အစိတ်အပိုင်းတွေပေါ့။ ပရိုဂရမ်ရေးတာ၊ တွက်ချက်မှုဆိုင်ရာ ပြဿနာတွေမှာ အဖြေရှာတာအပြင် စာမူကြမ်းတွေ ထုတ်ရာမှာလည်း ဒီအတိုင်းဖြစ်နေပါပြီ။ ဒီလုပ်ဆောင်ချက်တွေဟာ ကျောင်းသင်ရိုးထဲက ပျောက်မသွားသင့်ဘူး ဆိုပေမယ့်လည်း ပန်းတိုင်ကတော့ ပြောင်းသင့်ပါပြီ။ ကျောင်းသားတွေအနေနဲ့ လုပ်ငန်းအဆင့်တို်င်းမှာ ဆရာကျနေဖို့ထက် အခြေခံ အယူအဆနဲ့ ယုတ္တိဗေဒပိုင်းကို နားလည်ဖို့ ပိုလိုအပ်လာတာပေါ့။

အောင်မြင်မယ့် ကျောင်းသားတွေဆိုတာ တိကျသေချာတဲ့ ပန်းတိုင်တွေဆီ ရောက်ဖို့အတွက် အေအိုင်နည်းနာ ကိရိယာတွေကို ထိထိရောက်ရောက် အသုံးချနိုင်သူတွေပါပဲ။ ဒါဟာ ကောင်းမွန်တဲ့ စီမံခန့်ခွဲရေးနဲ့ သဏ္ဍာန်တူပါတယ်။ အောင်မြင်မှုရဖို့ဆိုရင် ဘာကို ဦးစားပေးရမလဲ သိဖို့၊ ပြဿနာတွေကို စနစ်တကျ စီမံတတ်ဖို့၊ ရှိတဲ့အရင်းအမြစ်ကို အမြော်အမြင်ရှိရှိ အသုံးချတတ်ဖို့ ဆိုတဲ့အချက်တွေက အဓိကပါ။ ဒါတွေဟာ နည်းပညာပိုင်း ကျွမ်းကျင်ရုံအဆင့် မဟုတ်ဘဲ အယူအဆပိုင်းဆိုင်ရာ အရည်အသွေးတွေ ဖြစ်ပါတယ်။

ဒုတိယမေးခွန်းကတော့ ပညာသင်ယူမှုကို ဘယ်လို အားသစ်လောင်းမလဲ၊ ဘယ်လိုဆန်းစစ်ကြမလဲ ဆိုတာပဲ။ နားလည်နိုင်စွမ်း ရှိဖို့အတွက်က လက်တွေ့လေ့ကျင့်မှုတွေ လုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ အေအိုင်ကြောင့် ကျောင်းသားတွေဟာ သူတို့ရဲ့အိမ်စာကို ကိုယ်ကိုယ်တိုင် မလုပ်ဘဲ အလွယ်တကူ ခေါင်းရှောင်လို့ ရသွားပါတယ်။ ကြိုးစားလှချည်ရဲ့ဆိုတဲ့ ကျောင်းသားတွေတောင် တက်သုတ်ရိုက် လုပ်ရတဲ့ အချိန်တွေမှာ တခါတခါကျ ဖြတ်လမ်းလိုက်ချင်စိတ် ပေါက်တတ်ကြတာကိုး။ ဒီတော့ စစ်ဆေးမှုတွေ လုပ်တဲ့နေရာမှာ အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဖို့ လိုပါတယ်။ အိမ်ကရေးယူလာရမယ့် အက်ဆေးတွေ၊ အမေးပုစ္ဆာတွေ၊ စောင့်ကြည့်သူမရှိတဲ့ စာမေးပွဲတွေဟာ မထိရောက်တော့ဘူး ဖြစ်လာပါတယ်။ ဒါတွေကို လူကိုယ်တိုင် ဖြေဆိုရတဲ့ ဉာဏ်စမ်းပဟေဠိတွေနဲ့ စာမေးပွဲတွေ၊ နှုတ်ဖြေစစ်ဆေးမှုတွေ၊ စာရွက်ပေါ်မှာဖြစ်ဖြစ် သင်ပုန်းကြီးပေါ်မှာဖြစ်ဖြစ် အချိန်နဲ့တပြေးညီ ချက်ချင်းဖြေပေးရတဲ့ ပုစ္ဆာတွေနဲ့ အစားထိုးဖို့ လိုအပ်ပါလိမ့်မယ်။

ဒါမျိုး အပြောင်းအလဲတွေမှာ သက်ရောက်မှုတွေ အများကြီး ရှိပါတယ်။ လူကိုယ်တိုင် ရှိနေဖို့ လိုတယ်။ စာသင်ခန်းတွေ အရွယ်အစား ပိုသေးငယ်ဖို့ လိုတယ်။ ကျောင်းသားနဲ့ ဆရာကြားမှာ တိုက်ရိုက်ထိတွေ့မှု ပိုမိုလိုအပ်ပါတယ်။ ကြည့်ရသလောက်က လက်ဟောင်း သင်ကြားရေးပုံစံတွေဆီ ပြန်ရောက်သွားသလိုပါပဲ။ အစောပိုင်း နည်းပညာတွေက မိတ်ဆက်ပေးခဲ့တဲ့ အုပ်စုလိုက်သင်ကြားရေးနဲ့ စံသတ်မှတ်ချက် ပုံစံတွေကို ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားတာကိုး။ ပြောရရင်တော့ Liberal Arts ပညာရေးအတွက် ရွှေခေတ်တစ်ခု အစပျိုးသလိုတောင် ဖြစ်သွားနိုင်ပါတယ်။

ဒါပေမဲ့ ဒီပုံစံမှာ စိုးရိမ်စရာတွေလည်း ရှိနေပြန်တယ်။ သူက ဆရာတွေကို တာဝန်ပိုပိသွားစေတယ်။ ဆရာတွေဟာ စံချိန်စံနှုန်းတွေနဲ့ တင်းတင်းကျပ်ကျပ် ကိုယ်တွယ်ရမယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ်။ အင်စတီကျူးရှင်းတွေကလည်း ဆရာတွေ ဒီလိုလုပ်နိုင်အောင် ကူညီပံ့ပိုးပေးရမယ်။ တချိန်တည်းမှာပဲ တစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလိက ဆက်ဆံရေးကို အခြေခံပြီး စစ်ဆေးအကဲဖြတ်တာဆိုတော့ ဘက်လိုက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ထွက်ပေါ်လာစေပါတယ်။ စံသတ်မှတ်ချက်တစ်ခုနဲ့ စစ်ဆေးတဲ့ စာမေးပွဲတွေမှာ အားနည်းချက်တွေ ရှိတာ မှန်တယ်။ ဒါပေမဲ့ ဘက်လိုက်ရင် ထင်သာမြင်သာ ရှိတယ်။ နှုတ်ဖြေစာမေးပွဲနဲ့ တစ်ကိုယ်ရေ ဆက်နွယ်မှုကို အခြေခံတဲ့ အကဲဖြတ်မှုတွေကျတော့ ပွင့်လင်းမြင်သာမှု အားနည်းနိုင်ပါတယ်။

အကြီးမားဆုံး စိန်ခေါ်မှုတွေကတော့ တန်းတူညီမျှ မဖြစ်မှုနဲ့ ပတ်သက်နေမယ် ထင်ပါရဲ့။ စာသင်ခန်းအငယ်တွေနဲ့ တစ်ယောက်ချင်း အသေးစိတ်သင်ကြားမှုတွေက ကုန်ကျစရိတ် ကြီးပါတယ်။ အထက်တန်းလွှာ တွေကတော့ အကုန်အကျ ခံနိုင်လိမ့်မယ်။ ဒါပေမဲ့ အစိုးရတက္ကသိုလ်ကြီးတွေကျတော့ ရုန်းကန်ရတော့မှာ။ ကိုဗစ်ကပ်ဘေး ကာလတုန်းက အဝေးသင်စနစ်ကြောင့် ပညာရေးကွာဟချက် ကြီးမားခဲ့ရသလိုပဲ အခု အေအိုင်နဲ့မောင်းတဲ့ အရွေ့မှာလည်း လူကိုယ်တိုင် အသေးစိတ် သင်ကြားတဲ့စနစ်ဆီ ကူးပြောင်းသွားရင် အစိုးရပညာရေးကိုပဲ အဓိကအားကိုးနေရတဲ့ သူတွေ နစ်နာသွားနိုင်ပါတယ်။

အေအိုင်ဘက်က စောဒက တက်သူတွေလည်း ရှိရဲ့။ အေအိုင်ဟာ တစ်ယောက်ချင်းစီအတွက် သီးသန့် လမ်းညွှန်ချက်တွေ ပေးနိုင်တယ်၊ ဒါကြောင့် တရားဝင်ပညာရေး လိုအပ်ချက်ကို အေအိုင်ကပဲ လျှော့ချပေးသွားလိမ့်မယ်လို့ သူတို့က ဆိုတယ်။

ဒါပေမဲ့ ဒီအယူအဆက အေအိုင်အသုံးပြုသူဟာ ဘာမေးရမလဲ၊ ထွက်လာတဲ့အဖြေကို ဘယ်လို အဓိပ္ပာယ်ဖော်ရမလဲ ဆိုတာကို သိနေမှ အလုပ်ဖြစ်မှာပါ။ ထူးချွန်သူတွေ၊ ပါရမီရှင်တွေကတော့ ဒီလိုပတ်ဝန်းကျင်မှာ အောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့တွေဟာ ဘယ်နေရာရောက်ရောက် အောင်မြင်ကြမှာပါပဲ။ ပုံမှန်လူတန်းစား အများစုအတွက်ကတော့ တရားဝင်ပညာရေးသည်သာ အရေးအပါဆုံး ဖြစ်ပါတယ်။

အေအိုင်က လူ့အသိုင်းအဝိုင်းကို အကျိုးပြုဖို့ ဆိုရင် ကျွန်မတို့အနေနဲ့ ပညာရေးမှာ ခုထက်ပို ရင်းနှီးမြှုပ်နှံရပါမယ်။ အေအိုင်က အလုပ်အကိုင်တွေကို အစားထိုးသွားမယ်။ ဒါပေမဲ့ အလုပ်သစ်တွေလည်း ဖန်တီးပေးပါလိမ့်မယ်။ ဒီလို ကျယ်ပြန့်လာတဲ့ ကဏ္ဍတွေထဲမယ် ပညာရေးလည်း ပါသင့်တာပေါ့။ အေအိုင်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်လေလေ ပညာရေးဆိုင်ရာ အရည်အသွေးဟာလည်း ပညာကို လက်လှမ်းမီနိုင်စွမ်းအပေါ် မှီခိုရမှု နည်းလာလေလေ ဖြစ်ပါတယ်။ မျှော်မှန်းချက်တွေနဲ့ စည်းကမ်းတင်းကျပ်မှုတွေအပေါ်မှာပဲ အာရုံစိုက်လာရတော့မှာပါ။

အတန်းတွေ ပိုငယ်လာမယ်။ ဆရာအရေအတွက် ပိုများလာမယ်။ တစ်ယောက်ချင်းစီ အလေးထားသင်ကြားမှု ပိုအားကောင်းလာမယ်။ ဒါတွေနဲ့အတူ ကုန်ကျစရိတ်ကလည်း ကြီးလာတော့မှာပဲ။ ဒါပေမဲ့ အေအိုင်ကြောင့် ရလာမယ့် ကုန်ထုတ်စွမ်းအား တိုးတက်မှုက ဒီကုန်ကျစရိတ်တွေကို ကာမိမှာဖြစ်သလို ကုန်ရကျိုးလည်း နပ်စေမှာ ဖြစ်ကြောင်းပါ။

လင်းခိုင်
၂၀၂၆၊ ဇန်နဝါရီ ၃၀

- Project Syndicate ဆိုက်မှာ ဖတ်ရတဲ့ AI and the Future of Education ကို ဆီလျော်သလို ဘာသာပြန်ထားတာပါ။ ဆောင်းပါးရှင် Pinelopi Koujianou Goldberg ဟာ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ စီးပွားရေးရာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို American Economic Review စာစောင်ရဲ့ အယ်ဒီတာချုပ်ဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယေးလ်တက္ကသိုလ်ရဲ့ စီပွားရေးပညာ ပါမောက္ခအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။